မောင့်ကို ချစ်တဲ့ ခင်ထွေးရီ

အဲဒီလိုနဲ့ ကျုပ်ဆယ်တန်းရောက်လာခဲ့တယ်။ လူကောင်ကြီးလဲ ထွားလာတယ်။ အသံကလဲ သန်းထွန်းလေး အသံကနေ ဇော်ဝင်းထွဋ်အသံဖြစ်လာတယ်။
အိမွန်ကြောင့်ဖြစ်လာတဲ့ အချစ်အညှောင့်ကလေးကလဲ ဆရာကြီးကြိမ်လုံးနဲ့ ဆရာဦးဆွေမြင့် အရှက်ခွဲမှုကြောင့် ကြားနှစ်တွေမှာ နလံမထူတော့ဘူးပေါ့။ အိမွန်လဲ မေရွက်ဝါနာမည်နဲ့ အတန်းထဲမှာ ပေါနေတယ်။ အတန်းကတော့တူဆဲပဲ။ မေရွက်ဝါဆိုတာ မေရွာဝက်လို့ စပြောင်တဲ့အနေနဲ့ခေါ်တာ။ အဲဒီအချိန် အဲဒီမိန်းမ သိပ်ဝသွားပြီ။
ဒါပေသည့် ကျုပ်နှလုံးသားက အားကောင်းမောင်းသန် နှလုံးသားမျိုး။ ဆယ်တန်းနှစ်မှာ ကျုပ်ရင်ထဲက ိုမိန်းကလေးတစ်ယောက် နောက်ဖေးပေါက်က ခွင့်မတောင်းဘဲ ဝင်လာခဲ့တယ်။ ဒီတစ်ခါရောဂါက ပိုပြင်းတယ်။ ကောင်မလေးက ကျွန်တော့်ကို ချစ်တယ်လို့ အဖြေပေးတယ်။ သူနဲ့ကျွန်တော် ချစ်သူတွေ ဖြစ်သွားကြသည်ပေါ့ဗျာ။
သူ့နာမည်ကခင်ထွေးရီ။ မုန့်ဟင်းခါးဆိုင်နာမည် မဟုတ်ဘူးနော်။ ကျုပ်အဖေကသူ့ကို မေသဉ္ဇာဦးနဲ့ တူတယ်လို့ မှတ်ချက်ချတယ်။ တကယ်က သူကအများကြီးပိုလှတယ်။ ကိုယ်လုံးကိုယ်ပေါက်က ဇိနက်အမန်းနဲ့ တူတယ်။ (ဇီးနဲ့အမ မဟုတ်ပါ)။ အသားအရေက နန္ဒာလှိုင်ထက် နှစ်ဆပြင်းပြင်းလောက် ပိုလှတယ်။ မျက်လုံးမျက်ခုံးက ခင်သန်းနုစတိုင်မျိုး။
သူမကကျုပ်ကိုချစ်တယ်တဲ့။
ခင်ထွေးရီက ကျွန်တော့်ကို ကက်ဆက်ခွေတစ်ခွေ ချစ်သက်လက်ဆောင် ပေးတယ်။ ဘာသီချင်းလဲ မေးတော့ ဖွင့်ကြည့်ပေါ့လို့ မပွင့်တပွင့်ပြောပြီး ရှက်ကိုးရှက်ကန်း လှည့်ထွက်သွားတယ်။
အိမ်မှာက ကက်ဆက်မရှိဘူး။ ကက်ဆက်ရှိတဲ့ မျိုးမြင့်တို့အိမ် သွားဖွင့်ကြည့်ရတယ်။ မေဆွိရဲ့မောင်သီချင်းကို တစ်ခွေလုံး အသံသွင်းထားတာပဲ။ သူမက ကျုပ်ကို မောင်လို့ခေါ်တယ်။
" မောင် အများပြောတဲ့သွေးခွဲစကားတွေကို အသဲထဲက စွဲမြဲပြီးယုံရင် ... မောင် တဖြည်းဖြည်းနဲ့ ဝေးကြရမယ်နော်...... မောင် ..... အတူတူနေကြရအောင်နော်.. သိပ်ချစ်တယ်မောင်"
ဆိုပြီး သီချင်းကလေးကဆုံးသွားတယ်။
ကျုပ်နားလည်လိုက်တယ်။ ကျုပ်ရဲ့ချစ်သူဘာကြောင့် ဒီသီချင်းကို ပေးရလဲဆိုတာကို။ ကျုပ်ပြောခဲ့သလို သူကအတော်လှတယ်။ အဲဒါကြောင့် ဝိုင်းဝိုင်းလည်နေတယ်။ ရွာအလျောက် ဟိုကောင်ကကြိုက် ဒီကောင်ကကြိုက်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်က နံပါတ်လေးငါးလောက်မှာရှိတယ်။ အဲဒါကြောင့်သူက ဒီသီချင်းကို သေချာရွေးပေးတာ။
ပြောရဦးမယ်။ ကျုပ်က သူတောင်းစားထဲမှာတော့ မြတ်ကျော်အတော်ဆုံး ဆိုတာမျိုးပဲ။ ရွာကျောင်းမှာတော့ အမြဲတမ်းပထမရတယ်။ အကြော်သည်သားငမွဲ ဒါပေမယ့်ပညာမှာတော့ တစ်ရွာလုံးမှာ နံပါတ်တစ်ပဲ။ ဒုတိယရတဲ့လူက ကျုပ်ထက် အနည်းဆုံး ဆယ်ရာခိုင်နှုန်း အမှတ်နည်းလေ့ရှိတယ်။
ရုပ်ရည်ကတော့ဘရက်ပစ်နဲ့တူတယ်လို့ မပြောတော့ပါဘူး။ :P
ခင်ထွေးရီကပြောရှာတယ်။ ကျုပ်က ဆယ်တန်းအောင်ရင် အမှတ်တွေကောင်းမှာ။ ဆရာဝန်ကြီးဖြစ်မှာ။ အဲဒီအခါကျ သူ့ကိုမေ့သွားမှာတဲ့။ မုန့်ဆီကြော်ကဘယ်မှန်းမသိ နှုတ်ခမ်းနာနဲ့တည့်ပါ့မလား ဆိုတာမျိုး ထက်တောင် ပိုနေသေးတယ်။ မိန်းမ မရသေးဘူး မယားငယ်ကြိုယူထားမယ် ဆိုတာမျိုးပဲ။
ကျုပ်လဲ မင်းကလွဲဖွဲနဲ့ဆန်ကွဲ ဆရာဝန်မပြောနဲ့ Male nurse တောင်ဖြစ်မှာ မဟုတ်ပါဘူး။ ဆရာဝန်ဖြစ်တော့လဲ ဆရာဝန်ကတော်ကြီး လုပ်ပေါ့။ ဘာညာသာတကာ နှစ်သိမ့်ရတာပေါ့။
အခုတော့ ဆရာဝန်ကတော်ကြီး တကယ်ဖြစ်နေပါပြီ။ ကလေးသုံးယောက်မိခင် ပျော်ရွှင်သော ဘဝန ဲ့ဒေါ်ခင်ထွေးရီပေါ့။
ဒါပေမယ့်ကျုပ်နဲ့ညားတာတော့မဟုတ်ဘူး။
ဖြစ်ပုံကဒီလို ......
အများပြောတဲ့သွေးခွဲစကားတွေကို အသဲထဲကစွဲမြဲပြီးယုံရင် တဖြည်းဖြည်းနဲ့ ဝေးကြရမယ်နော် ..
ဆိုတဲ့မိန်းကလေးက ဆယ်တန်းအောင်ပြီး ဆရာဝန်ကြီးဖြစ်မယ့်ကျုပ်က ဆယ်တန်းကျကရော။ ဆယ်တန်းလဲအောင်ရော ခင်ထွေးရီတို့မိသားစု မန္တလေးရွှေမြို့တော်ကြီး ပြောင်းသွားတယ်။ ကျုပ်ခမျာတော့ မိဘနှစ်ပါးကို ရှိခိုးဦးခိုက် မျက်ရည်ဝေဖြာ တောင်းပန်တိုးလျှိုး ကတိဝန်ခံအထပ်ထပ်နဲ့ ကျောင်းမထုတ်ဖို့ အတန်တန်ပြောရင်း မထင်မရှား ရွာငယ်ဇနပုဒ်မှာ ကျန်ခဲ့ရတယ်။
ကျောင်းအုပ်ဆရာမကြီး အပါအဝင်တစ်ရွာလုံးက ကျုပ်စာမေးပွဲကျတာကို "အနောက်က နေဝန်းထွက်သည့်ပမာ" (စာအုပ်နာမည်မဟုတ်ပါ) ဖြစ်ပျက်နေကြတယ်။
တကယ်က ကျုပ်အဲဒီလောက်မညံ့ပါဘူး။ ဓါတုဗေဒဖြေတဲ့နေ့မှာ ကျုပ်မဖြေနိုင်ဘူး။ အောင်ရုံတော့ရပါတယ်။ ဒါပေမယ့် ခင်ထွေးရီပြောသလို ကျုပ်ကဆရာဝန်ရူး ရူးနေလေတော့ နောက်တစ်နေ့ရူပဗေဒလဲဖြေရော မဖြေတော့ဘူး။ ဒါပေမယ့် ကျုပ်ဖြေနိုင်ပါတယ်ဆိုပြီး အားလုံးကို ညာထားလိုက်တယ်။
စိတ်ထဲမှာလဲ ခင်ထွေးရီလဲ အောင်မှာမဟုတ်ပါဘူးလို့ ထင်နေတယ်။ အဲဒီမိန်းမကလဲ နှစ်တိုင်း ယက်ကန်ယက်ကန်နဲ့။ ဆယ်တန်းကျမှ One stroke နဲ့အောင်သွားတယ်။
မိုးနတ်မင်းကြီးမတရားတာ။ ကျုပ်တို့ချစ်ခြင်းကို စာညံ့တဲ့ မိန်းမအအောင်ပေးပြီး ခွဲပစ်လိုက်တယ်။
အပိုင်း - ၂ (Tuesday, January 15, 2008)
ဆယ်တန်းအောင်ပြီ
အတန်းထဲမှာ အဝသရဖူဆောင်းနေတဲ့ မေရွက်ဝါအိမွန်ကတော့ ကျုပ်နဲ့အတူတူ နောက်တစ်နှစ် ဆက်တယ်ရတယ်။ ကျုပ်အောင်ပြီး နောက်သုံးလေးနှစ်လောက်မှာ အပြင်ဖြေနဲ့သူအောင်တယ်။
နောက်နှစ်မှာတော့ ကျုပ်အမှတ်တွေ တော်တော်ကောင်းကောင်းနဲ့ အောင်တယ်။ ဒါပေသည့် ကျုပ်ရူးနေတဲ့ ဆရာဝန်တော့မဖြစ်ရှာဘူး။ တစ်ခုခုတော့ဖြစ်သွားခဲ့တယ်။ တစ်ခုခုလို့သာ မှတ်ထားပေးကြပါ။ အဖေကတော့မင်းကြိုက်တာ မင်းလုပ်လို့ ပြောတယ်။ အမေကတော့ ကျုပ်တက်တဲ့ကျောင်းကိုတောင် ဘာကျောင်းလို့ ခေါ်မှန်းမသိရှာပါဘူး။ သူ့သား တက္ကသိုလ် တက်နေတယ်ဆိုတာလောက်ပဲ သိတယ်။
................... (Post တစ်ခု ပျောက်နေတယ်)
အိမ်ပြန်ရောက်တော့ ပါလာတဲ့ဆန်တစ်ခွဲကို ကြွေးပူတွေ ဆပ်ဖို့ပြန်ရောင်းလိုက်တယ်။ ဆီငါးဆယ်သားကိုလဲ ထိုနည်းလည်းကောင်းပေါ့။ ညမှာကျုပ်တို့ညီအကိုနှစ်ယောက်ကို မိသားစုက ဂုဏ်ပြုညစာနဲ့တည်ခင်းတယ်။ ကြက်ဥတစ်လုံးကို ခရမ်းချဉ်သီးဆယ်လုံး ကြက်သွန်ငါးလုံးလောက်နဲ့ မွှေကြော်ကတစ်ပွဲ။ ထုံးစံမပျက် ခရမ်းချဉ်သီး ရေပေါလောက တစ်ပွဲ။ ဟိုစည်းရိုးဒီစည်းရိုးမှာ ပေါက်နေတဲ့ တောကြိုင်ဟင်းခါးသီး အမေခူးပြီး ချက်ထားတာက တစ်ပွဲ။ ရိုးရာမပျက် ဖင်ချဲ့တဲ့ ပြောင်းဆံနဲ့ပေါ့ဗျာ။
ဒူးတစ်ဖက်ဟာ တွန်းကာဖယ်စရာမလိုပေမယ့် ထမင်းအတော်မြိန်ခဲ့တဲ့ ညတစ်ညပေါ့။ အားလုံး စားသောက်ပြီးတဲ့အခါ မွေးသဖခင်က မင်းတို့ညီအကို မနက်ဖန် ဘယ်နတ်မင်းနဲ့သွားတွေ့လိုက် ဆိုတဲ့ အမိန့်ထုတ်ပြန်တယ်။
နတ်မင်းတွေအကြောင်း ဆက်ရေးရင် ဇာတ်ကလည်မှာမဟုတ်ဘူး။ ဦးနှောက်ချောက်ကုန်ပါလိမ့်မယ်။
ကဲ ဒီတော့လဲ အချစ်အကြောင်းဆက်သေးတာပေါ့။
အပိုင်း - ၃ (Monday, January 14, 2008)
မတော်လိုက်ရတဲ့ ယောက်ခမ
ကျုပ်ဘဝရဲ့အချစ်ဆုံးမိန်းကလေးတွေထဲမှာခင်ထွေးရီကထိပ်ဆုံးကပဲ။
အခု Typing ရိုက်တာတောင် လက်ကတုန်နေတယ်။ သူမအကြောင်းတွေးမိတိုင်း အဲဒီလိုဖြစ်နေကျပဲ။ တကယ်ပြောတာ ဘုရားစူးမိုးကြိုးပွတ် (စာလုံးပေါင်းမမှားဘူး သကြားမင်း မအားလို့ သူ့မိန်းမလွှတ်လိုက်တာ)
ဒါပေသည့် ခင်ထွေးရီအမေကိုတော့ ကျုပ်မကျေနပ်ဘူး။ ကျုပ်နဲ့သူ့သမီးနဲ့ ရည်းစားဖြစ်တယ်ကြားတော့ အခုလို မှတ်ချက်ပေးတယ်။
"ရုပ်ရည်လေးနဲ့ စာရိတ္တလေးကတော့ မဆိုးပါဘူး။ မွဲတာလေးတစ်ခုပဲ တဲ့။"
အဲဒီမိန်းမကြီးက သူ့ရပ်ကွက်ထဲမှာလဲ ဂွစာကြီးလို့နာမည်တွင်တယ်။ ခင်ထွေးရီတို့မိသားစု ထမင်းစားနေချိန် ဧည့်သည်တစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ရင် အဲဒီမိန်းမကြီးက စားပြီးပြီလားလို့မေးတယ်။ ဧည့်သည်က မစားရသေးဘူးလို့ပြန်ဖြေရင် " မစားရသေး ကိုယ့်အိမ်ကို ပြန်စားလေ " လို့ပြောတော့တာပဲ။
ခင်ထွေးရီအဖေကို ကျုပ်တို့သူငယ်ချင်းတစ်သိုက်က U.B.S လို့ကွယ်ရာမှာခေါ်တယ်။ ထွေထွေထူးထူး အဓိပ္ပယ်ရှိလို့ မဟုတ်ပါဘူး။ သူ့နာမည်ရင်းက ဦးဘစိန် ဆိုတော့ ယူဘီအက်စ်ပေါ့။
အဲဒီအဘိုးကြီးက နိုင်ငံတကာသတင်းတွေကို အတော်စိတ်ဝင်တစားရှိတယ်။ ကျုပ်ကလဲ စာတိုပေစ အနည်းငယ် ဖတ်လေတော့ သူနဲ့ကတော့ အဆင်ပြေတယ်။ သူသိပ်ကြိုက်တဲ့မဂ္ဂဇင်းနာမည်က " မိုး " ။ အခု ဆက်ထွက်နေသေးလားတော့ မသိ။
သူက အငြိမ်းစားရဲအရာရှိ တစ်ယောက်ပေါ့။ ကျုပ်နဲ့သူနဲ့ဈေးထဲက လက်ဖက်ရည်ဆိုင်မှာမကြာခဏဆုံတယ်။ တစ်ခါတစ်လေ အမေ့အကြော်ဆိုင် လူပါးရင် ညီတော်မောင်ကို ချော့မော့ထားခဲ့ပြီး လက်ဖက်ရည်ဆိုင် ကျုပ်လစ်တာပဲ။
နိုင်ငံတကာသတင်းအတိုအစတွေအကြောင်း အာဘောင်အာရင်းသန်သန်နဲ့ သူပြောနေရင် လူတွေဝိုင်းနေတာပဲ။ တစ်ခါတုံးက ယူဂန္ဓာနိုင်ငံအကြောင်းပြောနေတုံး ...
" အာဖရိကက ဟိုလူမဆန်တဲ့ဗိုလ်ချုပ်ကြီးကွာ နာမည်က.... " ဆိုပြီး သူမေ့နေတယ်။ ကျုပ်က " အီဒီအာမင် လား " လို့ဝင်ထောက်လိုက်တော့.. " ဟာ..ဟုတ်တယ် .. မင်းအတော့်ကို တော်တဲ့ကောင်ပဲကွ.. လူငယ်ထဲမှာ မင်းလိုလူမျိုးရှားတယ်.. သဘောကျသကွာ.. အတော်တော်တဲ့ကောင် " ဆိုပြီးချီးမွမ်းခန်းဖွင့်တော့တာပဲ။
ခင်ဗျားသမီးနဲ့ ညားလောက်အောင်တော့ ကျုပ်ကမတော်ပါဘူးဗျာ... လို့ ကျုပ်ရင်ထဲကတော့ရေရွတ်နေခဲ့တယ်။
မှတ်မှတ်ရရအဲဒီတုံးက ပါတီကောင်စီခေတ်။
ကောင်စီဥက္ကဌက ဦးကျော်အောင်။ ကျွန်တော်တို့ရပ်ကွက်သား။
ရပ်ကွက်အစည်းအဝေးမှာ ဥက္ကဌဆိုတော့ ဆုံးမသြဝါဒပေးတာပေါ့။ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေ ညနေဆို အရက်ကလေးတမြမြနဲ့ ဖြစ်နေကြကြောင်း ပညာရှာရမယ့်အရွယ်မှာ အရက်သမားကလေးတွေ ဖြစ်နေတာကို မြင်တွေ့နေရတော့ ဝမ်းနည်းကြောင်း ရပ်မိရပ်ဖများအနေနဲ့ လူငယ်လူရွယ်တွေ လမ်းမှားမရောက်အောင် ဝိုင်းဝန်းထိမ်းသိမ်း တည့်မတ်ပေးသင့်ကြောင်း တွေပြောတော့တာပဲ။
ဥက္ကဌကြီးရဲ့ ဆုံးမသြဝါဒလဲပြီးရော ကျွန်တော့်သူငယ်ချင်းသံလုံး ဆိုတဲ့ကောင်က
" ဥက္ကဌကြီးက ရပ်ကွက်ထဲကလူငယ်တွေ အရက်သမားဖြစ်သွားမှာကိုသာ စိုးရိမ်တယ်ပြောနေ တစ်ရွာလုံးမှာ ရှိတဲ့ အရက်ပုန်းဆိုင် ကိုးဆယ်ရာခိုင်နှုန်းက ကျုပ်တို့ရပ်ကွက်ထဲမှာ ရှိတာကျတော့ မျက်စိမှိတ်ထားတယ် "
" ညနေညနေဆို ရောင်းအကောင်းဆုံးဆိုင်က ဥက္ကဌကြီးသမက်ရဲ့ဆိုင် အရက်မူးပြီး အရမ်းကားဆုံးလူငယ်က ဥက္ကကြီးသားပဲ " ဆိုပြီး ထပြောတာနဲ့ ရပ်ကွက်အစည်းအဝေးလဲ ပျက်ကရော။
Special part 4 - (Sunday, January 13, 2008)
အောင့်ရဲ့အောင်
ကဲဗျာ ...သည်းဦးသစ္စာ ခင်ထွေးရီအကြောင်းပဲ ဆက်ပြောတာပေါ့။
ခင်ထွေးရီကို ကျွန်တော်က အောင် လို့ခေါ်တယ်။ သူမရဲ့ နာမည်ရင်းက လွင်လွင်အောင်။
ကျွန်တော်တို့ရွာမှာ သူတောင်းစားတစ်ယောက်ရှိတယ်။ သူတောင်းတဲ့ပုံစံကတမျိုး။ "အောင် အကိုကြီး အောင်အမကြီးတို့ရယ် အောင်ညီလေးကို အောင်ထမင်းဖိုးလေး အောင်တစ်ဆယ် ဆယ့်ငါးကျပ်လောက် အောင်ပေးသနားပါ " ဆိုပြီးစကားလုံးတိုင်း အောင်ထည့်တောင်းတာပဲ။
ခင်ထွေးရီကို ကျွန်တော်မကြာခနနောက်တယ်။ " အောင်အချစ်ရယ် အောင် မောင်မောင့်ကို အောင်အချစ်ကလေး အောင်တို့ကနိဆိတ်ကနန်း အောင်ချစ်ခွင့်ပေးပါ အောင်ရယ် " ဆိုပြီးတော့ပေါ့။
" အောင်အမြင် အောင်သိပ်ကတ်တာပဲ အောင်လူဆိုး စာမေးပွဲကျမအောင်ဘူး " လို့ ခင်ထွေးရီက ပြန်ပြောလေ့ရှိတယ်။ အဲဒီကနေစပြီး အောင့်ရဲ့အောင် ဖြစ်ကုန်တော့တာပဲ။ ကျွန်တော်တို့ကို အောင်သွယ်ပေးတဲ့ မခင်လှလဲ အောင်ခင်လှ ဖြစ်သွားတယ်။ ရည်းစားစာတွေထဲမှာလဲ အောင်တွေမိုးလုံးပြည့်ပဲ။
မန္တလေးကနေ ခင်ထွေးရီစာလှမ်းရေးတယ်။ ဘယ်လောက်လွမ်းကြောင်း တိတ်တိတ်ကြိတ်ငိုနေရကြောင်း အရမ်းတွေ့ချင်ကြောင်း သိပ်ချစ်ကြောင်း ရှင်ကွဲကွဲတဲ့အဖြစ်ကို မခံစားနိုင်တော့ကြောင်း တွေပါတယ်။ စာရဲ့အဆုံးမှာ အောင့်အတွက်ဆိုပြီး အနမ်းတစ်ပွင့်အမြဲပါတယ်။ နှုတ်ခမ်းနီပန်းရောင်ဆိုးပြီး စာရွက်ကို နမ်းလိုက်တော့ တံဆိပ်ရိုက်ထားသလိုမျိုး အနမ်းတစ်ပွင့်တော့ဗျာ။
တခါတလေကျတော့ စာသားတွေက မင်ပြားပြီးကောင်းကောင်းဖတ်မရဘူး။ စာရေးရင်ငို။ မျက်ရည်တွေယို။ မင်တွေစို။ ခံစားရတယ်ပေါ့ဗျာ။ အချစ်အကြောင်းစားမြုံပြန်ရင်း အလွမ်းဆိုတာ ထူးဆန်းတယ်လို့ ခံစားမိတယ်။ အရင်ကလောက် ထိထိရှရှမဟုတ်ပေမယ့် ရင်ထဲမှာတော့ တမျိုးဖြစ်တုံးပဲ။
အောင်နဲ့ကျွန်တော်အပြန်အလှန် ရေးခဲ့တဲ့ ချစ်သဝဏ်လွှာတွေကို ပြန်ဖတ်နေမိတယ်။ လွှမ်းမိုးသီချင်း တစ်ပုဒ်ထဲက " သက္ကရာဇ်နောက်ပြန် အတိတ်သွားရထားလေးတစ်စီး " ဆိုတဲ့စာသားက ခေါင်းထဲ ရောက်လာတယ်။ " တမလွန်ရွာသူ ခင်ထွေးရီ " တော့ မဟုတ်ဘူးပေါ့ဗျာ။
ကဲကြုံတုံးရှုလော့။
တမ်းတရခြင်းများစွာဖြင့်...
မောင် စိတ်မဆိုးရဘူးနော် အောင်က မချော့တတ်ဘူး။ စိတ်ကောက်တဲ့ ပညာပဲတတ်တယ်။ အလကားပြောတာ မောင်စိတ်ဆိုးရင် အောင်ချော့မှာပေါ့ကွာ။ "one kiss" လား "two kiss" အဟဲ အဲဒါပေးရင် ကျေနပ်ကွာနော်.. ဒါလဲ အကြွေးမှတ်ထားလိုက်သိလား။
မောင်ရေ အရမ်းကို လွမ်းပါတယ်ကွာ ခုလိုလသာတဲ့ညမျိုးမှာ မောင့်ကိုပိုပြီးကို သတိရတယ်ကွာ..။
လရောင်အောက်မှာ မောင့်ပခုံးလေးကို မှီပြီး မောင့်စကားလေးတွေ သီချင်းသံလေးတွေကို ဆိတ်ငြိမ်စွာ နားထောင်ချင်လိုက်တာကွာ..။ အဲလိုဘဝမျိုးလေး အောင်တို့ ဘယ်အချိန်မှ ပိုင်ဆိုင်ရမလဲ မသိဘူးနော်..။
မောင့်ကို ပြောရအုံးမယ်.. ၁၀ ရက်နေ့ညနေက ဗွီအိုအေက မောင့်အတွက် ကောင်မလေးတစ်ယောက် သီချင်းတောင်းသွားတယ်... " ဂိုးသွင်းကောင်းတဲ့ကိုကို " တဲ့ သိလား.. ဟင်းနော် သတိထား ရှုပ်ရှုပ်ရှက်ရှက်နဲ့ အရိုက်ခံရမယ်..။
အော် ဒါနဲ့ ဒီစာကို အောင်အမှတ်နဲ့ မောင်မနမ်းနဲ့နော်..။ လူကြီးတွေမလစ်လို့ အိမ်သာထဲမှာ ခိုးရေးထားတာမို့လို့ပါ..။
ချစ်တဲ့အောင်..
Re-archived with unicode version and special credit to original author #Navana
Special thanks to Rabbit converter (Zawgyi to Unicode) by saturngod (စေတန်ဂေါ့)


