တစ်ခါတုန်းက လူတစ်ယောက်ဟာ
အိမ်နောက်ဖက် ကွက်လပ်မှာ နွားတစ်ကောင်နဲ့
ဆီဆုံလှည့်နေရင်း ခဏထားခဲ့ပြီး အိမ်ရှေ့မှာ
ရေနွေးကြမ်း ငှဲ့သောက်နေသတဲ့ ။
အဲဒီတုန်းမှာ လမ်းပေါ်မှာ
လူစိမ်းဧည့်သည်တစ်ယောက်
ဖြတ်လာတာမြင်လို့ ရေနွေးကြမ်းသောက်
လှမ်းဖိတ်လိုက်သတဲ့ ။
သူအရပ် ကိုယ့်ဒေသ မိုးလေဝသ အကြောင်း
စိုက်ပျိုးရေးအကြောင်း အလ္လာပ သလ္လာပတွေ
ပြောနေကြရင်း အိမ်ရှင်ကကြမ်းပြင်ကို နှင်တံ
နဲ့ဗြန်းကနဲရိုက်လိုက်တယ် ။ ပြီးတော့စကား
ဆက်ပြောပြန်တယ် ။
တအောင့်လောက်အကြာ ကြမ်းပြင်ကို
ရိုက်လိုက်ပြန်ရော ဧည့်သည် လူစိမ်းလည်း
အိမ်ရှင်ရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်
အကြောင်းရင်းကိုမေးကြည့်မိသတဲ့ ။
" မေးစမ်းပါရစေအုန်း နောင်ကြီးရယ် ၊
စကားပြောနေရင်း နောင်ကြီးက ကြမ်းပြင်ကို
ခဏခဏ တဗြန်းဗြန်းရိုက်နေတာ ဘာသဘော
လဲဗျ " ဆိုတော့ အိမ်ရှင်က
" ဒီလိုဗျ ကျုပ်က အိမ်နောက်ဖေးမှာ နွားနဲ့
ဆီပွတ်နေတာလေ ခလောက်သံတိတ်သွားတော့
ဒီနွားက ဆီဆုံမလှည့်ပဲ ရပ်နေလို့ ကျုပ်က နှင်တံ
ရိုက် အသံပေးနေရတာ ။ ကိုင်းအခုနွားရဲ့
ခလောက်သံကို မိတ်ဆွေကြားတယ်မဟုတ်လား
သူဆုံလှည့်နေပြီလေ "
လူစိမ်းက ဘဝင်မကျသလိုနဲ့
" ဒီလိုဖြင့်နောင်ကြီးရယ် ခင်ဗျားရဲ့နွားက ဆုံကို
ဆွဲချင်ယောင်ဆောင်ပြီး ခြေစုံရပ်နေရင်းက
ခေါင်းကိုလှုပ်ရမ်းပြီး ခလောက်သံ ပေးနေရင်
ရောဗျာ "
ဒီအခါ အိမ်ရှင်က အခုလိုပြန်ပြောလိုက်ပါတယ်
" ဒါကတော့ မိတ်ဆွေက လူဆိုတော့ လူလိုတွေး
တာကိုးဗျ ။ သူကနွားလေဗျာ နွားလိုပဲတွေးတော့
မှာပေါ့တဲ့ "
တိရစ္ဆာန်ဟာ တိရစ္ဆာန်အတွေးပဲ တွေးတတ်ပြီး
တိရစ္ဆာန်အလုပ်ပဲလုပ်တတ်ပါတယ် ။
လူထုဦးလှ - မြန်မာ့ရိုးရာပုံပြင်များမှ ကူးယူဖော်ပြပါသည်။