အနာသည်

အနာသည်
ဒီလောက်ဝေးကွာနေတာတောင်
အဲဒီပူဆွေးသောက
ငါမြည်းစမ်းလို့ရတယ်။
ခါးသက်ခါးသီး
ရိုးတံတွေနဲ့ ချွန်ထက်
သူ မင်းကို မျိုချခိုင်းခဲ့တယ်။ (phillip largin- British Poet)
ငါယုံပါတယ်...
အဲဒီလမ်းမဲမဲတွေပေါ်မှာ
ချွေးသန်တွေ
စိတ်ကျဒဏ်တွေ
တရွှဲရွှဲနဲ့ဆိုတာ။
အနိုင်ရလိုမှုမပါတဲ့
အရက်ခွက်တွေ
အချင်းချင်းထိခတ်နေ...
ချီးယာ့စ်တွေထဲမှာတော့
မျက်ရည်တွေ စွန်းပေနေပေလိမ့်မယ်။
ဒီမှာ
မင်းရိုက်ခွဲလိုက်တာ
ကားမှန်တချပ် ...(မဟုတ်ဘူး)
မင်းသူငယ်ချင်းရဲ့ခေါင်း...(မဟုတ်ဘူး)
မင်းနာကျင်နေတာ
လေးလုံးစပ်ကဗျာ...(မဟုတ်ဘူး)
မင်းတို့အနားက ထွက်ပြေးသွားတဲ့ငါ...(မဟုတ်ဘူး)
မင်းလိုချင်နေတာ
ချိုးဖြူတမန်...(မဟုတ်ဘူး)
သံလွင်တစ်ခက်...(မဟုတ်ဘူး)
မင်းပူလောင်နေတာ
ယွတ်ပီတွေအတွက်လား...(မဟုတ်ဘူး)
ဇစ်ပီတွေအတွက်လား...(ဒါလဲ မဟုတ်သေးဘူး)
တကယ်တော့
အဲဒီထိပ်တုံးကြီးက
ငါတို့အားလုံးကို ခတ်ထားတာပါကွာ...
ခုချိန်မှာတော့
လောင်းထည့်သမျှတွေကို
မျိုမျိုချနေရုံကလွဲလို့။
မေငြိမ်း
ဇန်နဝါရီ၊၂၀၀ရ။
ဒီကဗျာလေးကို အိုးဝေစင်္ကာပူမှာ တင်ခဲ့တာပါ။
X- Generation, Y- Generation, Z-Generation တွေလို့ မျိုးဆက်တွေ ရှိတာမှာ ယွတ်ပီဆိုတာက Y- Generation,ကို ပြောတာပါ။ ဇစ်ပီဆိုတာက ITခေတ်မှာ ကြီးပြင်းရတဲ့ Z-Generation တွေကို ပြောတာပါ။
ကျမတို့တတွေ အချင်းချင်း အငြင်းပွားကြ ရန်တွေဖြစ်ကြဖြစ်နေတာ ဘယ်အတွက်လဲ ဆိုတာကို တွေးမိ ခံစားမိရာကနေ ဒီကဗျာကို ရေးဖြစ်သွားခဲ့တာပါပဲ။
တိုက်တိုက်ဆိုင်ဆိုင် ကလိုစေးထူးကလဲ ဒီအချိန်တွေမှာပဲ ငြင်းခုန်ခြင်းကိစ္စတွေကို ခံစားထားတာတွေ့လို့ ဒီကဗျာလေးကို တင်လိုက်ပါတယ်။
Re-archived with unicode version and special credit to original author #MayNyane
Special thanks to Rabbit converter (Zawgyi to Unicode) by saturngod (စေတန်ဂေါ့)
Image credit: peakpx
